နတ်တလင်းမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အရန်မီးသတ်လေးကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နတ်တလင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာ ယခုဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်ပေးရခြင်းကြောင့်  မြို့နယ်အတွင်း မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများဖြစ်ပေါ်လာပါက  ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကူညီဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်များကိုလည်း တစ်ဘက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်မည့်အပြင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း မီးငြိမ်းသတ်ရေးပညာရပ်များ၊ လက်နက်မဲ့အခြေခံစစ်ရေးပြသင်တန်း၊ အသက်ကယ်ဆယ်ရေးပညာရပ်များ၊ မိမိတို့၏ ရပ်ရွာများတွင် လတ်တလော မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်စသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်ဦးလတ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား(၅၀)ဦးတက်ရောက်ကြပြီး  သင်တန်းအား(၁၉)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)