လိပ်သို အောက်တိုဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအမြဲမပြတ် သတိရှိရန်၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု များပြားလာသည့်အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ရေး Mask တပ်ကြရန်၊ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် စုပေါင်းမဟာဘုံကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဝင်းနောင် (ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ-လိပ်သို) မှ ကော်ဖီမျိုးအလိုက် တိုးချဲ့စိုက်ပျိုးမည့် (ARABICA) ကော်ဖီ၊ ရိုဘတ်စတာကော်ဖီ ပျိုးပင်များအား ကော်ဖီစိုက်တောင်သူများကို မျိုးစေ့ပျိုးပင်များနှင့် နည်းပညာများရရှိရေး ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလင်းအောင်က ဆီထွက်သီးနှံများဖြစ်သော (နေကြာ၊ နှမ်းနှင့် မြေပဲ) များဖြစ်ပြီး မိမိတို့ဒေသနှင့် သင့်လျော်သော ဆီထွက်သီးနှံကို စိုက်ပျိုး စေချင်ကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးရေး တောင်သူများအား စာရင်းရယူတင်ပြ ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ ၎င်းတို့တာဝန်ကျ ကျေးရွာများတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)