တကောင်း အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို အောက်တိုဘာလ (၂) ရက်နေ့ နှင့် (၃) ရက်နေ့ နံနက် (၉) နာရီတွင် ပြည်သူ့ဆေးရုံရှိ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပြင်းထန် အဆုတ်ရောင်ရောဂါ (ပီစီဗီ) ရောဂါကာကွယ်ဆေးမှ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ မေးခိုင် အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး အစရှိသည့်ငါးမျိုးစပ် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
တကောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို လစဉ် လဆန်း (၂) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သီရိ