မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် မိသားစုများအတွက် ကြက်ခြေနီမှ ထောက်ပံ့ပစ္စည်းများပေးအပ်

သာပေါင်း အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တဲကြီးကုန်းလမ်းတွင် စက်တင် ဘာလ ၁၉ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးနှင့် အမိုးလန်ပျက်စီး နေအိမ် (၁)လုံးတို့ ထိခိုက်ဆုံးရှုံးခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထိုသို့ လေဘေးသင့်မိသားစုများအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်နှင့် အမှတ်(၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းတို့က ပျက်စီးဆုံးရှုံးခံစားခဲ့ရသူများနေရာသို့ သွားရောက် ၍ အားပေးစကား ပြောကြားပြီး လေဘေးသင့်အိမ်ထောင်စုအတွက် ပစ္စည်း (၁၉)မျိုးပါ တစ်ကိုယ်ရည်သုံးပစ္စည်းများ (Hygiene kit) ၁ လုံး (တစ်လစာ)၊ တာပေါ်လင် ၁ ချပ်၊‌နေအိမ် အမိုးလန်အတွက် ပစ္စည်း(၉)မျိုးပါ တစ်ကိုယ်ရည်သုံး ပစ္စည်းများ (Hygiene parcel) ၁ လုံး (တစ်ပတ်စာ)၊ တာပေါ်လင်(၁)ချပ်တို့ကို လက်ဝယ်အရောက် ပေးအပ် ထောက်ပံ့ကြသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်း မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်