သုံးခွ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ကံမြင့်ကျေးရွာ၌ ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များဗုဒ္ဓစာပေများကို ခေတ်နှင့်လျှော်ညီစွာ လေ့လာသင်ကြားနိုင်ရန်နှင့် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ခေမာဗုဒ္ဓတက္ကသိုလ်(KHEMA BUDDHA UNIVERSITY )တည်ထောင်ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ (သန်လျင်)မင်းကျောင်းဆရာတော်က အဖွင့်သြဝါဒကထာမြွက်ကြားသည်။ ထို့နောက်ခေမာဗုဒ္ဓတက္ကသိုလ်၏ အဓိပတိမဟာနာယကချုပ်၊ ဩဝါဒါစရိယ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ကထိကဆရာတော်များအဖြစ် ခန့်အပ်လွှာများကို ဆရာတော်ဘုရားကြီးများက ဆရာတော်များထံဆက်ကပ်သည်။ ဆက်လက်၍ ဧည့်ပရိသတ်များက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရ၊ (မဟာသိမ်တော်ကြီး)ထံမှ ရှစ်ပါးသီလခံယူဆောက်တည်သည်။ ယင်းနောက်အင်းတကော်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်ကစ္စာယနသာရက ခေမာဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းမြွက်ကြားပြီး ဆရာတော်များအား လှူဖွယ်ပစ္စည်းများ၊ ဆက်ကပ်လှူဒါန်းကာ ခေမာဗုဒ္ဓတက္ကသိုလ်တည်ထောင်ရာတွင် အဓိကလှူဒါန်းထောက်ပံ့သည့်သာသနာ့ဒါယကာ ဦးကျော်ခင်ကသီလရှင်ဆရာကြီး ဒေါက်တာဒေါ်စန္ဒာ(မဟာသဒ္ဓမ္မဇောတိကဓဇ)ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တပညာဓဇ(ပုဇွန်တောင်)ဆရာတော်က အနုမောဒနာတရားဟောကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းအမျှပေးဝေခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်