မြင်းမူ အောက်တိုဘာလ ၃
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ရာသီမရွေးခူးယူရောင်းချနိုင်သည့် ငွေပန်းပင်များစိုက်ပျိုးပြီး ပန်းပွင့်များ ခူးယူရောင်းချခြင်းဖြင့် မိသားစုအတွက်ပုံမှန်ဝင်ငွေများရရှိနိုင်ကြောင်း ငွေပန်းစိုက်ပျိုးရောင်းချသူထံမှ သိရသည်။
ငွေပန်းပင်မျိုးမှာ အတက်များသောအပင်မျိုးဖြစ်ပြီး အပင်ပေါက်ဖွားမှုများပြားကြောင်း၊ စိုက်ပျိုးပြီး(၇)လအကြာတွင် ပန်းဖူး၊ပန်းပွင့်များ စတင်ခူးယူရရှိနိုင်ကြောင်း၊ စိုက်ပျိုးချိန်မှ အပင်အရွယ်ကုန်သည့်အချိန်အထိ ပိုးသတ်ဆေးကဲ့သို့သော ဆေးဝါးများအသုံးပြုစရာမလိုကြောင်း၊ တစ်ရက်လျှင် ရေ(၂)ကြိမ်ကို အပင်၏အထက်မှဖြန်းပေးရကြောင်း၊ နှစ်ပတ်လည် အပွင့်/ အဖူး ရရှိနိုင်သော်လည်း နတ်တော်လနှင့်ပြာသိုလများတွင် အပင်ကျချိန်ဖြစ်၍ လက်ရှိအပင်ကြီးများကို ခုတ်ပယ်ပစ်ရပြီး အတက်မှတစ်ဆင့်အပင်သစ်များကိုပြန်ယူရကြောင်း၊ တစ်နှစ်လျှင်(၁၀)လဝင်ငွေရရှိ၍ စိုက်ပျိုးသင့်သော ပန်းပင်အမျိုးအစားဖြစ်ကြောင်း၊ မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာမှ ငွေပန်းစိုက်ပျိုးရောင်းချနေသူ ဦးလွင်မင်းအောင်ထံမှ သိရသည်။
ပန်းပင်(၁၀၀၀)စိုက်ပျိုးကာ အပွင့်ခူးယူရောင်းချပါက တစ်ရက်လျှင်ဝင်ငွေကျပ်(၂၀၀၀၀) ကျော်ရရှိကြောင်း ပန်းပွင့်(၁၀၀)လျှင် ငွေကျပ်(၅၀၀)နှုန်းဖောက်သည်ပေး ဝယ်ယူသူများပြားကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)