ရမည်းသင်း အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍ အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်ခရိုင် လူထုအခြေ ပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားဖွင့်ပွဲတွင် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းစည်းကမ်းချက်များနှင့် ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ လစဉ် မိသားစုအပိုဝင်ငွေရရှိရေးတစ်ပိုင်တနိုင် အသက် မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကိုရှင်းလင်းပြောကြားသည်။
ရမည်းသင်းမြို့နယ်အတွင်း အလုပ်အကိုင်အခွင့်အလန်းများရရှိကာ မိသားစုအိုးမကွာ၊ အိမ်မကွာ ဖြင့်အသက်မွေးဝမ်းကြောင်း အတတ် ပညာရပ်တစ်ခုဖြစ်သည့် အခြေခံဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမိုးဝင်းနှင့် ဒုဦးစီးမှူး ဦးရှိုင်းထက်အောင်တို့က သင်တန်းသား(၂၀)ဦးကိုစာတွေ့၊ လက်တွေ့ဖြင့်တစ်လကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)