ထားဝယ် ဇွန် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ အနာဂတ်သစ်ကျေးရွာ စာကြည့်တိုက်မှ ကော်မတီအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့လာရောက်လေ့လာသောအဖွဲ့က စာကြည့်တိုက်များပြင်ဆင်ထားရှိမှု၊ စာအုပ်စာစောင်များ တိုက်ပိုင်စာရင်းသွင်းမှု၊ မျိုးတူစုနှင့် ရည်ညွှန်းခွဲခြားထားရှိမှု၊ ကတ်တလောက်ဖြင့် ငှားရမ်းနေမှုအခြေ အနေများနှင့်သိရှိလိုသည်များကို လာရောက် မေးမြန်းလေ့လာကြသည်။
ထို့နောက် ထားဝယ်ခရိုင်ရှိ စာကြည့်တိုက်မှူးနှင့်ဝန်ထမ်းများကလာရောက်လေ့လာသည့် စာကြည့်တိုက် ကော်မတီ အဖွဲ့ဝင်များအား သိလိုသည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း မိတ်ဆက်ပြောကြားကြသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်သည် အဓိကအခန်းကဏ္ဍက ပါဝင်နေပါကြောင်းနှင့် စာအုပ်စာတမ်းများ၊ သုတေသနစာတမ်းများ၊ နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များကို လက်လှမ်းတမီ လွယ်ကူစွာလေ့လာနိုင်ရေးအတွက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုသော အများပြည်သူများအား ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ကျောင်းသား/သူများ အနေ ဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို လှည့်လည်ငှားရမ်းပေး လျက်ရှိကြောင်းသိရသည်။
ရွှေပင်လယ်(ထားဝယ်)