ရေကြည် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် မြေလွှာခွဲကိရိယာ လက်တွေ့မောင်းနှင်သရုပ်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကြာကန်ကျေးရွာ ရေကြည်-ကျုံပျော်ကားလမ်းဘေး တောင်သူ ဦးသောင်းညွှန့်၏လယ်မြေ၌ ပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးသန်းကိုက တောင်သူများအနေဖြင့် စိုက်ထယ်ရေးပြင်ရာတွင် မြေလွှာအားအနက်(၄)လက်မ(၆)လက်မခန့်ထိသာ ထွန်ယက်စိုက်ပျိုးရသဖြင့် ထိုမြေဆီလွှာအောက်တွင် သိပ်သည်းသောမြေလွှာတစ်ခု ဖြစ်ပေါ်လေ့ရှိခြင်း၊ အလေးချိန်များသည့် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်အသုံးပြုထားသည့် စိုက်ကွင်းများတွင် ထိုစက်ကိရိယာများ၏ ဘီး(သို့မဟုတ်)ရော်ဘာ၊ သံချိန်းများကြောင့် မြေလွှာသိပ်သည်းမှု ဖြစ်ပေါ်တက်ခြင်း၊ ယင်းမြေလွှာသိပ်သည်းမှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းစေခြင်း၊ ရေထုတ်စနစ်အား အဟန့်အတားဖြစ်စေခြင်း၊ ပိုးမွှားရောဂါကူးစက်မှုမြင့်မားခြင်းနှင့် သီးနှံအာဟာရ ရရှိမှုလျော့နည်းစေခြင်း စသည့်ဆိုးကျိုးများ သက်ရောက်ဖြစ်ပေါ်မှုရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ဆိုးကြိုးများ ဖြစ်ပေါ်သက်ရောက်လာပါက မြေလွှာခွဲကိရိယာ (SUBSOILER)အသုံးခြင်းဖြင့် သီးနှံပင်၏ အမြစ်များမြေလွှာအောက် မြေဆီတိုးဝင်နိုင်စေခြင်း၊ မြေလွှာအနက်(၁)ပေမှ (၁)ပေခွဲအထိ ထွန်ယက်နိုင်သဖြင့် ရေစိမ့်ဝင်မှုအားကောင်းစေခြင်း၊ မြေလွှာသိပ်သည်းမှုကြောင့် သီးနှံအထွက်နှုန်းကျဆင်းမှုကို ဖြေရှင်းစေပြီး အထွက်နှုန်းတိုးစေနိုင်ခြင်းနှင့် မြေလွှာအနက်တွင် ခိုအောင်းနေသော ပိုးမွှားများကို သေစေနိုင်ခြင်း စသည်အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် ယခုကဲ့သို့ တောင်သူပညာပေးအစီ အစဉ်ဖြင့် ကနဦးသုတေသနပြု သရုပ်ပြအသိပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)