မြိတ်မြို့တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့၌ မီးငြှိမ်းသတ်စွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြ

မြိတ်  မေ  ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ စွမ်းစွမ်းတမံ ကာကွယ်တားဆီး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ် တပ်ဖွဲ့ဝင်များအား (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ယနေ့ နံနက်ပိုင်းက မြို့မ အားကစားကွင်း၌ ဂုဏ်ပြုဆု တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ် စွမ်းရည်များနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြခဲ့ကြသည်။

“မြိတ်မြို့နယ်အတွင်းမှာ  မီးလောင်မှုအကြိမ်ရေနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေက တစ်နှစ်ထက်တစ်နှစ် သိသာစွာ လျော့နည်းလာတာကို တွေ့ရပါတယ်။ ပြည်သူလူထုအတွင်း မီးသတ်တပ်ဖွဲ့ရဲ့ မီးဘေး သတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးနဲ့ မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေကို တစ်နှစ်ထက် တစ်နှစ် အရှိန်အဟုန်မြှင့်တင်ပြီးဆောင်ရွက်ခဲ့သလို ပြည်သူများကလည်း မီးဘေးသတိမူလာ တာကို သုံးသပ်ရပါတယ်။ ထို့အပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ လည်း ခေတ်မီ ကိရိယာများရှိလာခြင်းနှင့် ပြည်သူလူထုမှ အချိန်နဲ့တစ်ပြေးညီ သတင်းပေးမှုကြောင့်  ပြည်သူ တွေရဲ့ အသက်အိုးအိမ်ပစ္စည်းများကို ဆုံးရှုံးမှုနည်းပါးအောင် ကယ်ဆယ်ကူညီဆောင်ရွက်နိုင်ခဲ့ ပါတယ်” ဟု မြိတ် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

မြိတ်မြို့နယ်အတွင်း မီးလောင်မှုများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ယာဉ်အား/လူ အားဖြင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော အရန်မီးသတ်စခန်းများ၊ မီးလောင်မှု၊ မီးဘေး ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံ ရေးလုပ်ငန်းများတွင်  တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသော အရန်မီးသတ်တပ်ရင်းများအား  မြိတ်ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန် ရှိသူများက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။ ထို့နောက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲနှင့်မီးသတ် ကျင့်ဝတ် ဖြေဆို ပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် တပ်ဖွဲ့ဝင်များအား ခရိုင်မီးသတ်ဦးစီးမှူးက  ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။

အခမ်းအနားတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မီးလောင်မှုများနှင့် ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင် များအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး မီးငြှိမ်းသတ်စွမ်းရည်များနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသကြရာ ရှေးဦးစွာ ကျောင်းသား/သူများက ဂက်(စ်)အိုးမီးလောင်မှုငြှိမ်းသတ် ခြင်းနှင့် DCP မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုအား DCP မီးသတ်ဆေးဗူး၊ Water Mist Gun၊ House Deployment and Nozzel Technique ၊ House Mixer / Foam making Brance  ဖြင့် မီးငြှိမ်းသတ်ခြင်း၊ Spray ငြှိမ်းသတ်ခြင်း၊ အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ပိတ်မိနေ သောသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ လူနာသယ်ဆောင်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြသခဲ့ကြ၍ မီးသတ် ယာဉ်များ၏ စက်စွမ်းအားသရုပ်ပြကြသည်။

မြိတ်မြို့နယ်တွင် (၂၀၂၁)ခုနှစ် ဇန်နဝါရီလမှ (၂၀၂၂)ခုနှစ် ဧပြီလအထိ မီးလောင်မှု(၂၂)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ(၂၁)လုံး၊ ကား(၁)စီး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း မီးလောင်ကျွမ်းခဲ့ ကာ စုစုပေါင်း ကျပ်သိန်း(၇၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မြိတ်မြို့နယ်တွင် ခရိုင်နှင့် မြို့နယ် မီးသတ်စခန်း၊ နယ်မြေမီးသတ်စခန်း(၂)ခု၊ အရန်မီးသတ်စခန်း(၈)ခုတို့မှ မီးငြှိမ်းသတ် ယာဉ် စုစုပေါင်း(၃၁)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်း များကို ဆုံးရှုံးမှုနည်းပါးအောင် ကယ်ဆယ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး(မြိတ်)