သံတွဲမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

သံတွဲ မေ ၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂ ခုနှစ်မေလ ၅ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သံတွဲခရိုင်မီးသတ်ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က ဖတ်ကြားသည်။ အဆိုပါ သဝဏ်လွှာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မဟာဗျူဟာကျသည့် ကြိုတင်စီမံမှုအပိုင်း၊ မီးငြိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ  ဆောင်ရွက်မှုအပိုင်း၊   ပြန်လည်သုံးသပ်မှုဆိုသည့် အရေးကြီးအချက်(၃)ချက်ကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အဆင့်လိုက် ခေါင်းဆောင်များအနေ နဲ့ ခေါင်းဆောင်ကောင်းများဖြစ်စေဖို့ ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ်နဲ့ ချိန်ထိုး ဆောင်ရွက်သွားကြ ဖို့လိုအပ်ပါကြောင်း၊ သို့မှသာစွမ်းရည် ထက်မြက်ပြီး ခိုင်မာမှုရှိသည့် အင်အားစုတစ်ခုအဖြစ် ပြည်သူကိုအလုပ်အကျွေးပြုနိုင်ပြီး ပြည်သူက ချစ်ခင်လေးစားပြီး အားကိုး ယုံကြည်ရသည့် တပ်ဖွဲ့ဖြစ်လာမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်သံတွဲခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသူရဝင်းက ကျေးဇူးတင်  စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ သံတွဲခရိုင် မီးသတ်ဦးစီးမှူးက ရှာဖွေ ကယ်ဆယ် ရေးသုံး  ပစ္စည်းများပြသထားရှိမှုများနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှု များအတွင်း သံတွဲခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့၏ ပူးပေါင်းကူညီဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လိုက်လံ ရှင်းလင်းပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်တာဝန်ရှိများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ ကြောင်း သိရှိရသည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)