မံစီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းကျေးရွာများရွေးချယ်

မံစီ မေ ၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ရာ ကျေးရွာ(၅)ရွာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က စီမံကိန်းကျေးရွာရွေးချယ်ရာတွင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ကျေးရွာများ၊ စိတ်ပါဝင်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့် ကျေးရွာများ၊ လုံခြုံရေးနှင့် ဆက်သွယ်ရေးလွယ်ကူသည့် ကျေးရွာများကို ရွေးချယ်ပေးနိုင်ရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက ကျေးရွာရွေးချယ်မှု စံနှုန်းသတ်မှတ်ချက်များကို မိတ်ဆက်ရှင်းလင်းပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆွေးနွေးအကြံပြုခဲ့ကြပြီး နမ့်မဖွဲ့ကျေးရွာအုပ်စု နမ့်မဖွဲကျေးရွာ၊ နမ့်မဖွဲ့ကျေးရွာအုပ်စု မိတုံကုန်းကျေးရွာ၊ မံသာကျေးရွာအုပ်စု စီမွန်းကျေးရွာ၊ စီခမ်းကြီးကျေးရွာအုပ်စု ခါချဉ်ကျေးရွာနှင့် မိုင်းခေါင်ကျေးရွာအုပ်စု စံလွန်ကျေးရွာ စသည့် ကျေးရွာ (၅)ရွာကို စီမံကိန်းကျေးရွာအဖြစ် ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)