သီပေါ ဧပြီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့တို့သည် ယနေ့ နံနက် ၁၀နာရီ က မြို့မဈေးအတွင်းရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော Paris ဆပ်ပြာခဲများနှင့် အခြားအမှတ်တံဆိပ် ဆပ်ပြာခဲများတွင် ရိုက်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့မဈေးကြီးအတွင်းရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံ အရောင်း ဆိုင်များ၌ Paris ဆပ်ပြာခဲများနှင့် အခြားအမှတ်တံဆိပ် ဆပ်ပြာခဲရောင်းချရာတွင် ဆပ်ပြာခဲများပေါ်၌ ရိုက်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ပမာဏဖော်ပြချက်နှင့် ပါရှိမှု ကိုက်ညီမှု ရှိ/မရှိ တို့ကိုအဓိကထား၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ဆိုင်ပိုင်ရှင်များကိုလည်း သုံးစွဲသူများ နစ်နာမှု မရှိစေရေးအတွက် ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားပါ အလေးချိန် ပမာဏနှင့်မကိုက်ညီပါက ဝယ်ယူ၍ ပြန်လည် ဖြန့်ဖြူးရောင်းချခြင်းမပြုရန် အသိပညာပေးခြင်း ၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင် သာယာရေးဌာနဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျန်ရှိနေသော စတိုးဆိုင်များနှင့် ကုန်မျိုးစုံအရောင်းဆိုင်များကိုလည်း ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)