လှိုင်းဘွဲမြို့နယ် အထကကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်းဘွဲ  မတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့် အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ နွေးရာသီကျောင်းပိတ်ချိန်တွင် အကျိုးရှိရှိ နေထိုင်နိုင်စေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ် ပိုင်းက အထကကျောင်း ပန်းဝတ်မှုံခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကြည်ဇင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အာ/ကာမှူး ဒေါ်မိနန္ဒာမွန်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ အားကစားနှင့် ပတ်သက်၍ သိရှိသင့်သည့် အချက်များ၊  အားကစားပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်နှင့် ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုခြင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီတွင် ဖွင့်လှစ်မည့် အားကစားသင်တန်းများကို ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးစောသော်တာလင်းသန့်က လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနဲ့လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက် သွားရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်တို့ ဗလငါးတန်နှင့်ပြည့်စုံအောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးရ မည်ဖြစ်ကြောင်း စသည့် လူငယ်နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)