ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပန်းတောင်း မတ် ၂၃

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ် လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာန၊​ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက နွေရာသီကျောင်းပိတ်ရက် ရောက်မည်ဖြစ်သဖြင့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ အရည်အချင်းပြည့်ဝမှုစသည့် ဘက်ပေါင်းစုံမှ အရည်အသွေး မြင့်မား စေရေးအတွက် နွေရာသီသင်တန်းများ တက်ရောက်ခြင်းဖြင့် အားလပ်ရက် ချိန်ကိုအကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်း​အေးက လူငယ်နှင့်မျိုးချစ်စိတ်ကဏ္ဍ ခေါင်းစဉ်ဖြင့် နိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ် စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေး အထူးလိုအပ်ကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာ မြင့်မားပြီး မှန်ကန်သော လမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းစေလိုကြောင်း ဟောပြောသည်။

ထို့နောက် နံရံကပ်စာစောင်များပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး