ပင်းတယမြို့နယ်၌ ရွှေဖီမိုးလွတ်လ္ဘက်များ စတင်ခူးဆွတ်

ပင်းတယ မတ် ၂၂

မြန်မာလူမျိုးများ အနှစ်သက်ဆုံးနှင့် အလှူမင်္ဂလာ၊ ဧည့်ခံပွဲတိုင်းတွင် မပါမဖြစ်ရိုးရာ အစားအစာဖြစ်သော လ္ဘက်များကို တောင်ပေါ်ဒေသများတွင် အများအပြား စိုက်ပျိုးထားရှိရာ ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် ရွှေဖီမိုးလွတ်လ္ဘက်များကို စတင်ခူးဆွတ်နေကြပြီဖြစ်ကြောင်း သိရသည်။

ရွှေဖီမိုးလွတ်လ္ဘက်ခူးဆွတ်ခြင်းနှင့်ပတ်သက်၍ လ္ဘက်စိုက်ပျိုးသူ တောင်သူတစ်ဦးမှ ‘’ကျွန်မတို့က လ္ဘက်ပင်များကို ယခင်ကတည်းကစိုက်ပျိုးထားတော့ ယခုဆိုရင် သက်တမ်း ၂၅ နှစ်ကျော်ပြီဖြစ်ပြီး  လ္ဘက်ပင်များကို စိုက်ပျိုးထားပါက  ငါးနှစ်ကျော်လျှင် စတင်ခူးဆွတ်ရပါတယ်၊ လ္ဘက်ကို တစ်နှစ်မှာ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများမှ လွဲပြီး ကျန်သည့်လများတွင် ခူးဆွတ်ရပါတယ်၊ ယခုမတ်လဆန်းပိုင်းမှာ ထွက်တဲ့လ္ဘက်တွေကတော့ ရွှေဖီမိုးလွှတ် ဖြစ်တဲ့အတွက် လ္ဘက်ခြောက်လုပ်ငန်းအတွက် အရသာ အကောင်းဆုံးဆိုတော့ လ္ဘက်ခြောက်ပြုလုပ်ပါတယ်။ လူတိုင်းကတော့ ရွှေဖီမိုးလွတ် လ္ဘက်ခြောက်ကို အလွန်ကြိုက် နှစ်သက်ကြတော့ ကျွန်မတို့လည်း ဈေးကောင်းရပါတယ် မေလနှင့် ဇွန်လနောက်ပိုင်း မှာထွက်တဲ့ လ္ဘက်တွေကတော့ အထွက်နှုန်းအလွန်များပြီး လ္ဘက်ခြောက်က ဈေးကောင်းမရပေမဲ့ လ္ဘက်စို လုပ်ငန်းအတွက်သိုလှောင်ထားရပြီး လ္ဘက်စိုကို နောက်နှစ်အထိ ရောင်းချရဖို့အတွက် သိုလှောင်ထောင်ရပါတယ်။ လ္ဘက်စိုကိုတော့ ၂ နှစ်အထိ ထားလို့ရပါတယ်၊ လ္ဘက်ပင်များကို ရေရှည်ပင်အဖြစ် စိုက်ပျိုးထားတော့ မိသားစုအတွက် တစ်နှစ်ပတ်လုံး ဝင်ငွေရရှိပါတယ်’’ လို့ပြောသည်။

ပင်းတယမြို့ရှိ တောင်ပေါ်ဒေသများဖြစ်သည့် တောင်ပေါ်ကြီးကျေးရွာ၊ ဆီးကျအင်း၊ ထွက်နီ၊ မြေနီတောင်နှင့် ပါးမဲ စသည့် ကျေးရွာများတွင် လ္ဘက်အထွက်နှုန်း အများဆုံးဖြစ်ပြီး လ္ဘက်ကိုတစ်ဦးလျှင် အနည်းဆုံး ၁၀ ဧကမှ ၁၅ ဧကအထိ စိုက်ပျိုးထားကြပြီး လ္ဘက်ပင်များမှာလည်း မိသားစုဘိုးဘွား လက်ထက်ကပင်စိုက်ပျိုးထားသဖြင့် အချို့လ္ဘက်ပင်များမှာ သက်တမ်းကာလမြှင့်ပြီဖြစ်ပြီး ပင်စည်ပိုင်း မှာကြီးမား၍ သမိုင်းဝင် နှစ်ပေါင်း ရာကျော်အထိရှိသည့် အပင်များရှိကြောင်းလည်း သိရပြီး လ္ဘက် အထွက်နှုန်းလည်း အလွန်များပြားသဖြင့် လ္ဘက်စိုက်ပျိုးသည့် လုပ်ငန်းများဖြင့် မိသားစုများဝင်ငွေတိုး၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်းနှင့် ရွှေဖီမိုးလွတ်လ္ဘက်ခြောက်ကို တစ်ပိသာကို ၈၀၀ဝိ/-ကျပ်မှ ၉၀၀ဝိ/- ကျပ်အထိ ရရှိပြီး လ္ဘက်စိုကတော့ တစ်ပိသာကို ၃၀၀ဝိ/-ကျပ်မှ ၄၀၀ဝိ/- ကျပ်အထိ ဈေးနှုန်းရှိကြောင်း သိရှိရသည်။

အေးအေးလတ်