ပြင်စလူမြို့၌ လေပြင်းများတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ပြိုကျပျက်စီး

ပြင်စလူ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုများရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြင်စလူမြို့၊ ကုက္ကို ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ဦးမြင့်သန်း နေထိုင်သော  ဓနိမိုး/ဓနိကာ/ဝါးခင်း နေအိမ်နှင့် ဦးတင်မောင်ဦး နေထိုင်သော ဓနိမိုး/ဓနိကာ/ဝါးခင်နေအိမ် (၂)လုံးတို့မှာ ပြိုကျသွား ခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ထို့ပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အညိုရောင်အဆင့်သို့ ပြောင်းလဲ သတ်မှတ်ထားပြီဖြစ်ရာ မုန်တိုင်း၏ အရှိန်ကြောင့် ပြင်စလူမြို့တွင် ယနေ့ နေ့လယ်ပိုင်းအချိန် ခန့်က ဒီရေများ တက်လာခဲ့ပြီး ၂ နာရီအချိန်ခန့်တွင် ဒီရေများ ပြန်လည်ကျဆင်းသွားခဲ့သည်။ လေတိုက်နှုန်းမှာ ဆက်လက်တိုက်လျက်ရှိပြီး ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်/ဆက်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် မုန်တိုင်းရှောင်ပြည်သူများနှင့် အတူ သတ်မှတ်စုရပ်နေရာများတွင် အနီးကပ်ကြီးကြပ်လျက်ရှိပြီး အသိပေးပြန်ကြားခြင်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယောဧရာ မြို့(ပြန်/ဆက်)