ပခုက္ကူမြို့နယ်တွင် စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ကိုးထောင်ရှစ်ရာကျော်ရှိပြီဖြစ်

ပခုက္ကူ ဒီဇင်ဘာ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာတော် ကြီးများအပါအဝင် လူမျိုးမရွေး၊ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊အကျဉ်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ စတုတ္ထအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ကိုးထောင်ရှစ်ရာကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။  

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမျိုးအစား(Sinopharm)ကို ဦးစားပေး အုပ်စုများအလိုက်ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ ၉ရက်မှ ဒီဇင်ဘာလ ၁ရက်နေ့အထိ စတုတ္ထအသုတ်(ပထမအကြိမ်)အဖြစ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူအနေဖြင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအပါအဝင် ရဟန်း၊သံဃာနှင့် သီလရှင်ပေါင်း(၇၅)ပါး၊ ကျန်းမာရေးဝန်ထမ်း အပါအဝင်ဌာနဆိုင်ရာဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု(၄၅၂)ဦး၊ စက်ရုံ၊အလုပ်ရုံ များမှပုဂ္ဂလိကဝန်ထမ်း(၄၉၂)ဦးနှင့် အခြားဦးစားပေးအဆင့်အလိုက်ပြည်သူ(၈၈၅၁)ဦး၊ စုစုပေါင်း(၉၈၇၀)ဦးရှိကြောင်း၊ ကာကွယ် ဆေးလာရောက်ထိုးနှံသူများအား အခက်အခဲမရှိအဆင်ပြေချောမွေ့စွာထိုးနှံနိုင်ရေးတို့အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာများနှင့်စေတနာ့ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျမှတ်ပုံ တင်ဆောင်ရွက် ပေးခြင်းများပြုလုပ်ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးဝန်ထမ်းများက ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း၊  မြို့နယ်အတွင်းရှိ အသက် ၁၂နှစ်အထက်ကျောင်းသား၊ ကျောင်းသူ ၃၁၉၁ဦးကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးပြီး ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကို ဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)