မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေး ပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား

မိတ္ထီလာ  ဒီဇင်ဘာ ၂

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေး ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အမျိုးသမီးငယ်များ နေ့စဉ်အသုံးပြုလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်စေရန်နှင့် မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် အရင်းအနှီးအနည်းငယ်ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ ပညာရှင်များနှင့်ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယခုလို အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ လာရောက်တက်ရောက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေးပြုလုပ်နည်း သင်တန်းနည်းပြဆရာ ဦးမျိုးအောင်က  ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် မိမိ တက်မြောက်ထားသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဖြန့်ဝေပေးခြင်းဖြစ်ပါကြာင်းနှင့် အခြားအသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်များ ကိုလည်း ဆက်လက်၍ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ(၁၅)ဦး တက်ရောက်ပြီး ၎င်းသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အချိန်အထိ ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေးပြု လုပ်နည်း  ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)