နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များချီး မြှင့်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

နေပြည်တော်   ဒီဇင်ဘာ  ၂

နေပြည်တော်ကောင်စီ၏ ဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့ တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းခံရသည့် ရဟန်းတော် ၃၀ ပါး၊ သီလရှင် ၂ ပါး၊ လူပုဂ္ဂိုလ်သာသနာပြု ၂ ဦးနှင့် သာသနာနုဂ္ဂဟ အမျိုးသား ၂ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းချီးမြှင့်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက် ၆ ချက်၊ အနက် ၁ ချက် အပါအဝင်ဖြစ်သည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဟူသောအချက်နှင့်အညီ သာသနာတော်ကြီး သန့်ရှင်းတည်တံ့နိုင်ရေး ဆောင်ရွက်တော်မူကြသော သံဃနာယက၊ သံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ ပရိယတ္တိစာပေ သင်ကြားပို့ချခြင်း၊ ပဋိပတ္တိ ကျင့်ကြံအားထုတ်ခြင်း၊ ပဋိဝေဓ ထိုးထွင်း သိမြင်ခြင်း တည်းဟူသော သာသနာ တော်သုံးရပ် အရှည်ခံ့တည်တံ့စေရန် ရည်သန်ကြိုးကုတ် အားထုတ်လျက် ရှိကြသော သာသနာပြု သာသနာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ ဆောင်ရွက်ချက် များကို ပိုမိုအောင်မြင်စေရေး ပါရမီကုသိုလ်ယူ လှူဒါန်းထောက်ပံ့နေကြသောလူပုဂ္ဂိုလ်များအား ယခုကဲ့သို့ ဂုဏ်ရည် အလိုက် ဘွဲ့တံဆိပ်တော်များကို အပ်နှင်းနိုင်သဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက် ပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များပေးအပ်ရာ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ  ဦးကျော်ဇေယျ အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်းကောင်း၊ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ ဦးကျော်မင်းထွန်း ကိုယ်စား ဦးကောင်းထက်အောင် (စိုးလျှပ်စစ်) အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်းကောင်း ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း (ခရိုင် ပြန်/ဆက်)