ကျောက်ဖြူ ဒီဇင်ဘာ ၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ လူရွေးခြယ်ပွဲကို ယနေ့နံ နက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ရခိုင်ပြည်နယ်တိုးတက်ရေး ဘာသာလူမျိုးမခွဲခြားဘဲ အားလုံးပါဝင်ကြိုးစားပေး” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦးတို့မှလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်နယ်ပွဲတော်တို့နွှဲပျော် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့မှလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “သာယာလှပ ရခိုင်ပြည်အလှ” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့မှလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် “လှပမြိုင်ဆိုင်တို့ရခိုင်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးတို့မှ လည်းကောင်း စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ကျဆရာ၊ ဆရာမများက အနီကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲများတွင် မြို့နယ်အဆင့် ဆုရွေးခြယ်ရေးအဖွဲ့မှ ရွေးခြယ်ခြင်းခံရသည့် အထက်တန်း၊ အလယ်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ အကောင်းဆုံး စာစီစာကုံး တစ်ပုဒ်စီနှင့် အထက်တန်း၊ အလယ်တန်းမှ အကောင်းဆုံးပန်းချီကား တစ်ပုံစီတို့အား ရခိုင်ပြည်နယ်၊ စစ်တွေသို့ပို့ဆောင်၍ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)မြို့နယ်ထဲမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်မှ ထပ်မံစိစစ်ရွေးခြယ် သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း