ဘားအံ ဒီဇင်ဘာ ၁
မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ရေးဇုန်တစ်ခုဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်နှင့် ကုန်စည် စီးဆင်းရာ လမ်းကြောင်းများမှတစ်ဆင့် သွင်းကုန်/ပို့ကုန်များ၊ ယာဉ်ကြီး၊ ယာဉ်ငယ်များမှ တရား မဝင်ကုန်ပစ္စည်းများအား ပိုမိုထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်နိုင်ရေး ကျုံဒိုး-ကော့ကရိတ်ကားလမ်းပေါ်ရှိ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲခန့်က အဆိုပါစခန်းတည်နေရာ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကုန်ပစ္စည်းများနှင့် တရားမဝင် သွင်းကုန်/ပို့ကုန်များအား ရှာဖွေစစ်ဆေးရာတွင် ထိရောက် မှန်ကန် မြန်ဆန်ဖို့လို ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ကို ထိထိရောက်ရောက် တားဆီးကာကွယ်နိုင်ရေးအတွက် ယခုစုပေါင်းစစ်ဆေးရေးစခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများအပြင် တရားမဝင်မော်တော်ယာဉ်များ၊ တရားမဝင်လက်နက်ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများ၊ မူးယစ် ဆေးဝါးများ၊ တိရိစ္ဆာန်နှင့်တိရိစ္ဆာန်ထွက်ပစ္စည်းများ၊ တရားမဝင်လူဝင်ရောက်မှုများ ကိုလည်း စစ်ဆေးဖမ်းဆီးပေးရမည်ဖြစ်ကြောင်း၊ တာဝန်ကျေပွန်စွာဖြင့် ဥပဒေနှင့်အညီ လေးလေးစားစား တာဝန် ထမ်းဆောင်ကြဖို့ ပြောကြားလိုကြောင်း၊ လုံခြုံရေးကိုအထူးဂရုပြုကြစေလိုပြီး လူအများ နှင့်ထိတွေ့ဆက်ဆံရသည့်အတွက် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များကို အထူး အလေးထား၍ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ပူးတွဲထမ်းဆောင်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးနေလင်းအောင်က စုပေါင်း စစ်ဆေးရေးစခန်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရေး အထူးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က လိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် အဆိုပါစုပေါင်းစစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာများ က ဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အဆိုပါစုပေါင်း စစ်ဆေးရေးစခန်းရှိ ယာဉ်စစ်စင်များ၌ ကုန်တင် ယာဉ်များအား စစ်ဆေးနေမှု၊ လူစီးယာဉ်များနှင့်ကုန်ပါယာဉ်များအား အဖွဲ့စုံဖြင့် စစ်ဆေးနေမှု၊ ရုံးအဆောက်အဦ၊ ဂိုဒေါင်၊ ဝန်ထမ်းအိမ်ရာ၊ ကင်းတဲ၊ စစ်ဆေးရေးဝန်ထမ်းများရုံးခန်း တို့ကို လှည့်လည်ကြည့်ရှု့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်းတွင် လူစီးယာဉ်ငယ်လမ်းကြောင်း၊ လူစီး/ ကုန်ပါ ယာဉ်ကြီး၊ယာဉ်ငယ် လမ်းကြောင်း၊ မြဝတီကုန်သွယ်ရေးဇုန်မှထွက်ခွာလာသော သွင်းကုန် ယာဉ်လမ်းကြောင်းတို့အား သတ်မှတ်နေရာများ အလိုက်စစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပြီး တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)