ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၂၀၀၀၀ ကျော်ရှိပြီဖြစ်

ပွင့်ဖြူ     နိုဝင်ဘာ       ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက ်ပေးလျက်ရှိရာ နိုဝင်ဘာ(၁၆)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ဦးရေ ၂၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ  ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ ကာကွယ်ဆေး ထိုးနှံရာတွင် ပြည်သူများ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်အတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေဖြင့် နိုဝင်ဘာ(၁၆)ရက်နေ့အထိ ပထမအသုတ်တွင် ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၅၈၆၅ ဦး၊ ဒုတိယအသုတ်တွင် ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၁၄၈၆၆ ဦး၊ တတိယအသုတ်တွင် ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၅၃၄၉ ဦး၊ စုစုပေါင်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၂၆၀၈၀ ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူ ဦးရေအနေဖြင့် ဒုတိယ အသုတ်တွင် ၁၀၂၂ ဦး၊ တတိယအသုတ်တွင် ၆၇၆၃ ဦး၊ စုစုပေါင်း ၇၇၈၅ ဦး ကျန်ရှိနေသေးကြောင်း အဆိုပါ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)