သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆို သည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေး အတွက် ယနေ့ နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်း များက ရန်ကုန်သစ်ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက်များအတွင်း နေထိုင်သော အသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်ပေးခြင်း၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အသက် (၁၀)နှစ်ပြည့် မှတ်ပုံတင်(၁၆)ကတ်၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်(၁၅)ကတ်၊ စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ်ပြား(၃၁)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အခြား ရပ်ကွက်များသို့လည်း အလှည့်ကျ ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူး ဦးရဲထွန်းထံမှ သိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း များဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လဝကဦးစီးမှူး ဦးရဲထွန်း နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များတွင် ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ပေးခြင်း၊ လူစည်ကားရာ နေရာများတွင်  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဗီနိုင်းပိုစတာများချိတ်ဆွဲ၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စန္ဒာမိုး(ပြန်/ဆက်)