Young Leaders Program (YLP) အစီအစဉ်ဖြင့် MBA ပညာသင်ဆုလျှောက်ထားနိုင်

လမ်းမတော်  နိုဝင်ဘာ   ၁၉

လမ်းမတော်မြို့နယ် UMFCCI  တွင် Young Leaders Program (YLP) အစီအစဉ်ဖြင့် MBAပညာ သင်ဆုလျှောက်ထားနိုင်ဂျပန်နိုင်ငံ၊ Ministry of Education, Culture, Sports, Science and Technology (Mobnbukagakusho: MEXT) မှ Young Leaders Program (YLP) အစီအစဉ်ဖြင့် Master of Business Administration (MBA) (၁)နှစ် ပညာသင်ဆု အစီအစဉ်သို့ လျှောက်ထားနိုင်သည်။

အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးရန်နှင့် ဂျပန်နှင့် အာရှနိုင်ငံများအကြားမူဝါဒရေးရာ စီစဉ် ဆောင်ရွက်မှု အရည်အသွေးများ တိုးတက်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်နှင့် ဂျပန်နိုင်ငံ အကြောင်း  ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်သည့် ပညာသင်ဆုဖြစ်သည်။

ယင်းပညာသင်ဆုသို့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှု အသင်း ချုပ်နှင့် ညီနောင် အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်သည်။

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို အသင်းချုပ်ရုံး HRD ဌာနတွင် လာရောက် ထုတ်ယူပြီး ပြည်စုံစွာ ဖြည့်စွက်၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ဝန်ထမ်း၊  ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ၊ Passport မိတ္တူ ၊ ဓါတ်ပုံ(၁)ပုံ၊ UMFCCI အသင်းဝင်ကဒ် (အနည်းဆုံး သက်တမ်း ၁နှစ်)ရှိ မိတ္တူ၊ ပညာသင်ဆု လျှောက်လွှာ မူရင်းနှင့် မိတ္တူ (၁)စုံ ပူးတွဲလျှက် ၃၀.၁၁.၂၀၂၁ (အင်္ဂါနေ့) နောက်ဆုံး ထားပြီး ဤအသင်းချုပ် HRD ဌာနသို့ လာရောက် လျှောက်ထားနိုင်ပါကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်