စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ အခြေခံ ဆရာ/ဆရာမများ စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲများ တက်ရောက် အားပေး

စစ်ကိုင်း နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ နိုဝင်ဘာ(၈)နေ့က စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များတွင် အသစ်ခန့်ထားသည့် အခြေခံပညာဆရာ/ ဆရာမများ ဘာသာရပ်ဆိုင်ရာသင် တန်းနှင့်စီမံခန့်ခွဲရေး စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲများသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ယနေ့နံနက် ၉ နာရီက စစ်ကိုင်း(ဝိဇ္ဇာ၊ သိပ္ပံ) တက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ/ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွန်းမံသင်တန်းဖွင့်ပွဲကို လည်းကောင်း၊ နံနက်(၁၀)နာရီတွင် စစ်ကိုင်းပညာရေး တက္ကသိုလ်၌ အခြေခံပညာ ဆရာ/ဆရာများ ဘာသာရပ်ဆိုင်ရာ သင်တန်းနှင့် စီမံခန့်ခွဲရေး စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို လည်းကောင်း၊ နံနက်(၁၁)နာရီတွင် စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်၌ နည်းပြ/သရုပ်ပြ သစ်လွင်များနှင့် အခြေခံပညာဆရာ/ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့်မွမ်းမံ သင်တန်းဖွင့်ပွဲများသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာ စကားများ ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူး၊ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးတို့က သင်တန်းများ ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးက ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်