လှိုင် နိုဝင်ဘာ ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို လှိုင်မြို့နယ်အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံဝန်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူ များကို ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
လှိုင်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၆) ရပ်ကွက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ယနေ့ စုစုပေါင်း(၂၁၄၆)ဦး ရှိကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)