ဝန်းသိုမြို့နယ်တွင် စီးပွားဖြစ် မေမြို့ပန်းစိုက်ပျိုးသူများပြားလာ

၀န်းသို  နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဒေါင်းမြူးချောင်းနှင့် နန်းလိုင်းချောင်းကို အမှီပြု၍ စိုက်ပျိုးရေး လုပ်ကိုင် နေကြသော လက်ပံကြီးတော ကျေးရွာအုပ်စုနှင့် အနီးကျေးရွာ တောင်သူများသည် မေမြို့ပန်းများကို ပြည်တွင်း စျေးကွက်ကောင်းရရှိရေး မျှော်လင့်၍ စီးပွားဖြစ် မေမြို့ပန်းများကို ပိုမိုစိုက်ပျိုးကြလျက်ရှိသည်။

မေမြို့ပန်းကို ယခုဆောင်တွင်းကာလ အောက်တိုဘာလပိုင်းကုန်၊ နိုဝင်ဘာလအတွင်း စိုက်ပျိုးကြပြီး စိုက်ချိန်မှရောင်းချသည်အထိ ၀.၅၀ ဧကကို ကုန်ကျစရိတ် ၁ သိန်းကျော် ကုန်ကျပြီး  စိုက်ချိန်မှ ၂ လခွဲခန့် ကြာမြင့်၍ ရေလောင်းပြုစုပျိုးထောင်းခြင်း ပိုးမွှားအန္တရာယ် ကာကွယ်နိုင်ရေး ဆေးဖျန်းခြင်း ယုယစိုက်ပျိုးကာ အပွင့်လှချိန် ရိတ်သိမ်းရောင်းချနိုင်ရေး ပင်ပန်းလှစွာ အားထားစိုက်ပျိုး လျက်ရှိသည်။

မေမြို့ပန်းအမျိုးမျိုးရှိရာ အဆိုပါကျေးရွာများတွင် အက်စတာ၊ ကြက်လည်ဆံ၊ ရိုးစိမ်းကျောက်နီ၊ ခိုပြာများကို ပိုမိုအားထား စိုက်ပျိုးကြသည်ဟု မေမြို့ပန်း စိုက်ပျိုးသူ တစ်ဦးက ပြောပြခဲ့သည်။

ဝန်းသိုမြို့နယ်တွင်  မေမြို့ပန်းသည် ယခင်နှစ်က စျေးကောင်းသဖြင့် ယခုနှစ်မှာ လက်ပံကြီးတော ကျေးရွာအုပ်စုအပြင် အခြားကျေးရွာအုပ်စုများရှိ တောင်သူများကပါ စျေးကောင်း မျှော်လင့်၍ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)