သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရေးဒီဂရီကောလိပ်တွင် နည်းပြ၊ သရုပ်ပြ သစ်လွင်များနှင့် အခြေခံ ပညာ ဆရာ၊ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်လှစ်

သင်္ဃန်းကျွန်း နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရေးဒီဂရီ ကောလိပ်တွင် နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အခြေခံပညာဆရာ၊ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းကို ယနေ့ နံနက် (၉)နာရီအချိန်က ပညာနေခြည်ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက အဖွင့်အမှာစကား ပြောကြား ရာတွင် အသစ်ခန့်အပ်ထားသော ဆရာ၊ ဆရာမများ အနေဖြင့် လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်းတွင် ဆရာအတတ်ပညာဆိုင်ရာ အသိပညာများ ရရှိစေရန်၊ ပညာရေးဆိုင်ရာ ဘာသာရပ် များ သိရှိစေရန်၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် ဆရာ၊ ဆရာမများ အရည်အချင်းပြည့်စေရန် ရည်ရွယ် ၍ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ပညာရေးဌာနတွင် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ လုပ်ငန်းခွင် တစ်လျှောက် ဆရာ၊ ဆရာမများ၏ အသိပညာဗဟုသုတများ တိုးတက်လာစေရေးနှင့်  သင်ကြားမှု ဆိုင်ရာအရည်အသွေး  တိုးမြင့်လာစေရေးတို့မှာ ပညာရေးကဏ္ဍအတွက် လွန်စွာအရေးပါလှပါတယ်။ အသစ်ခန့်အပ်ထားသော ဆရာ၊ ဆရာမ များသည် ဤသင်တန်းကို တက်ရောက်ခြင်းဖြင့် ဆရာအတတ် ပညာဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများ ဖြစ်လာကြပြီး မိမိတို့ သင်ကြားရေးမှာ ပြန်လည်အသုံးချနိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က အမှာစကား ပြောကြားခဲ့ရာ ဆရာများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပါဝင်ကြမည့် တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများ၊ တိုးတက် မြင့်မားရေးအတွက် အဓိကအခန်းဏ္ဍတွင် ပါဝင်နေသူများဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဆရာများသည် ဆရာအရည်အသွေး တိုးမြင့်စေရန်နှင့် အတတ်ပညာများ ပြည့်နေရန် လိုအပ်ပါတယ်။ ဆရာများသည် တပည့်များကိုသင်ကြားရင်း မိမိကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေရမည့် ထာဝရ ကျောင်းသား ကြီးများလည်း ဖြစ်ပါတယ်။

ထိုကြောင့် ထူးချွန်ထက်မြက်၊ ပညာတတ်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေး အတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များမှာ အထူးလိုအပ်လှပါတယ်။ နိုင်ငံတကာ အဆင့်မီ တိုးတက်မြင့်မားလာစေရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက်မှာတော့ ရန်ကုန်တောင်ပိုင်းခရိုင် ပညာရေးမှူး ဦးဘသန်းက အခမ်းအနားသို့ တက်ရောက် လာသော လူမှုရေးရာဝန်ကြီးနှင့် တကွ ဌာနဆိုင်ရာ အကြီးအကဲများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

စန္ဒာမိုး