ပွင့်ဖြူ နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လူငယ်မောင်မယ် များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တီထွင်ကြံဆမှုနှင့် လုပ်ငန်းစွမ်း ဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် Women Club နှင့် Youth Club များ ဖွဲ့စည်း ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က Women Club နှင့် Youth Club များ ဖွဲ့စည်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လူငယ်များနှင့် အမျိုးသမီးများက Women Club နှင့် Youth Club များ ဖွဲ့စည်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ Women Club နှင့် Youth Club အသင်းအား စနစ်တကျ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Women Club နှင့် Youth Club များ ဖွဲ့စည်းဆောင်ရွက်ပေးခြင်းဖြင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လိုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ကိုယ်တိုင်တီထွင်ကြံဆမှုနှင့် လုပ်ငန်း စွမ်းဆောင် ရည်များ တိုးတက်မြင့်မားလာခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်၍ မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ခြင်း၊ အဖွဲ့အစည်း များအကြား ဆောင်ရွက်ရသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တာဝန်ယူမှု တာဝန်ခံမှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)