ဒေးဒရဲ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ၂၀၂၁-ခုနှစ် တွင် ပြောင်းလဲသွားသော ရှေးဦးပြုစုခြင်းဘာသာရပ်အား တပ်ဖွဲ့ဝင်များ တပြေးညီ သိရှိနိုင်ရန်၊ တပ်ဖွဲ့ဝင်များ၏ အရည်အချင်းများပိုမို တိုးတက်လာစေရန်၊ အခြေခံ သင်တန်းသားများ၏ နည်းစနစ် ဟောင်းများအား အသစ်ပြန်လည်တက်ရောက် လေ့ကျင့်စေခြင်းဖြင့် ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိလာစေရန်နှင့် အဖွဲ့လိုက် ဆောင်ရွက်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံ ရှေးဦးသူနာ ပြုစုနည်းနှင့် စံချိန်စံညွှန်းမီ ရှေးဦးသူနာပြုစုနည်း သင်တန်းကို ယမန် နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းမှူးအဖြစ် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးနေဝင်းအောင်နှင့် သင်တန်းနည်းပြများမှ ရှေးဦးသူနာပြုစုနည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးရာ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက် သင်ယူလျှက်ရှိပြီး သင်တန်းကာလမှာ (၂) ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)