နေပြည်တော် နိုဝင်ဘာ ၅
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်ဒေသန္တရ စီမံကိန်းမူဘောင်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေး အတွက် နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ(၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ် ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊ (၅)နှစ်အမျိုးသား စီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူဘောင် ရည်မှန်းချက်အနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြောပြီး အားလုံး ပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ဟူ၍ ရည်မှန်း ထားပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနှင့် ပြည်သူအားလုံး ရရှိခံစားနိုင်မည့် တိုးတက်မှုများ ဖြစ်ပေါ်လာစေရန်ကို ရည်မှန်းချက်ထားပြီး မဟာဗျူဟာ(၉)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် စနစ်တကျ ရေးဆွဲပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး နေပြည်တာ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ(၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ် ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)