တောင်ကြီး နိုဝင်ဘာ ၆
ရှမ်းရိုးမမွေးမြူရေးဇုန်(၂)မှ ကြက်ခြံများအား ဇုန်(၁)သို့ ပြောင်းရွှေ့မွေးမြူနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်အကြီးအကဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်တွင် မှာကြားချက်ကို အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် ပတ်သက်၍ ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲ မှာကြားချက်ဖြစ်သည့် ဝက်မွေးမြူရေးဇုန်ကို လက်ရှိအတိုင်းထားရှိပေးရန်နှင့် ဆက်လက် မွေးမြူမည်ဆိုပါက မွေးမြူရေးဇုန်တွင် မွေးမြူပေးရန်၊ မွေးမြူရေးဇုန်(၂)မှ မွေးမြူရေးဇုန် (၁)ကို ပြောင်းရွှေ့ မွေးမြူပြီးဇုန်(၂)ကို နို့စားနွား၊ အသားစားနွားမွေးမြူရန် မှာကြားခဲ့ပါကြောင်း၊ မွေးမြူရေး ဇုန်(၁)ကို ချက်ချင်းပြောင်းရွှေ့ပါက အခက်အခဲများ ရှိနိုင်သောကြောင့် ပဏာမ အစည်းအဝေး ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်း ဆွေးနွေး ပေးကြရန်နှင့် မြေနေရာအနေအထား ပေးနိုင်မည့် အခြေအနေနှင့် ဇုန်(၂)တွင် လက်ရှိပုဂ္ဂိုလ်များ ရွှေ့နိုင်မည့် အခြေအနေရှိပါက ရင်းနှီးမှု မည်မျှရှိမည်နည်း၊ ကြက်ဥအထွက်နှုန်းမှာလည်း (၃)သိန်းရှိသည့်အတွက် ပြောင်းရွှေ့မှုများ အခက်အခဲရှိပါကြောင်း၊ ရွှေ့မည်ဆိုပါက လက်ရှိမြေအနေအထား ဧရိယာနှင့် နိုင်ငံတော် သွင်းရမည့် အခွန်အခမည်မျှရှိမည်ကို ထည့်သွင်းဆွေးနွေး ကြရမည်ဖြစ်ကြောင်း၊ ပြောင်းရွှေ့မည်ဆိုပါက လက်ရှိငွေကြေး အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ဝိုင်းဝန်းစဉ်းစားပေး ကြရန်လိုပါကြောင်း၊ ဇုန်တစ်ခုထဲဖြစ်ပါက ပိုကောင်းပါကြောင်း၊ ပြောင်းရွှေ့မှု ကုန်ကျစရိတ်၊ ရင်းနှီးမြုပ်နှံမှုမှ ရွှေ့ပါကပေါ်ထွက်လာမည့် အလေအလွင့် ဆုံးရှုံးမှုများကို ထည့်သွင်းစဉ်းစားရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထည့်သွင်း စဉ်းစားပေးရန်နှင့် အားလုံးဝိုင်းဝန်းညှိနှိုင်း၍ ရှေ့ဆက်ရမည့် လုပ်ငန်းများ မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အသေးစိတ် အတတ်နိုင်ဆုံး ဝိုင်းဝန်းအကြံပြုရန် ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်က လုပ်ငန်းကော်မတီ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ထားရှိမှု၊ သုံးသပ်ချက်၊ အကြံပြုချက်များအားတင်ပြပြီး လုပ်ငန်းကော်မတီပါ ဌာနဆိုင်ရာအသီးသီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးတို့မှ ပြန်လည်ဆွေးနွေးကြကာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်အပေါ် လိုအပ်သည် များကို ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အင်းသားလေး(တောင်ကြီး)