သာကေတတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

သာကေတ နိုဝင်ဘာ ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်း ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ခဲ့ပေးပြီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာအဆင့်မြင့် အိမ်ရာဝင်းအတွင်းရှိ နှစ်ကျိပ်ရှစ်ဆူ သာသနာ့ပါလဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးသန်းအေး၊ သာကေတမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (လက်ထောက် ညွှန်ကြားရေးမှူး) ဦးညီညီအောင်နှင့် မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး (ဦးစီးအရာရှိ) ဦးသန်းဦးတို့က နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ကြသည်။

၎င်းနောက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ခဲ့ပေးပြီးသော ရှုခင်းသာရပ်ကွက်မှ(၃၀)ဦး၊ (၅)ရပ်ကွက်မှ (၁၆)ဦး၊ ၆/အရှေ့ရပ်ကွက်မှ (၁၀)ဦး၊ ၁၀/တောင် ရပ်ကွက်မှ(၇၄)ဦး စုစုပေါင်း(၁၃ဝ)ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးသန်းအေး၊ သာကေတမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးညီညီအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်နှင့် မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး (ဦးစီးအရာရှိ) ဦးသန်းဦးတို့က ပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြသည်။

မြို့နယ် လ-ဝ-က ဦးစီးမှူး (ဦးစီးအရာရှိ) ဦးသန်းဦးမှကျွန်တော်တို့ သာကေတမြို့နယ် အတွင်းမှာ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးဖို့ လျာထားချက် (၂၂၇၄၂ဦး)ရှိပါတယ်၊ ပန်းခင်းစီမံချက်နဲ့ ကွင်းဆင်း ဆောင်ရွက်ပေးတာ အခုဆိုရင်(၁၁၀၂) ဦး ရှိပြီဖြစ်ပါတယ် ဟု ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပြောကြားခဲ့သည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)