တောင်ကြီး နိုဝင်ဘာ ၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်များ၊ ပြည်နယ်ဥပဒေချုပ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့သည် နိုဝင်ဘာ(၄)ရက် မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့နယ် နောင်ခဲကျေးရွာ နောင်ခဲဘုန်းတော်ကြီး ကျောင်းအား သွားရောက်ကာ သာသနာ့ ဓဇဓမ္မရိယ ဦးခေမာစာရအား ဝါလကင်းလွတ် သီတင်းကျွတ်အချိန် အခါသမယ သွားရောက် ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ အလှူငွေကျပ်(၅)သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် နောင်ခဲအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်ရာ ပြည်နယ် ပညာရေး ဒုတိယ ညွှန်ကြားရေးမှူး စာရင်းအင်း ဦးဗိုလ်မောင်မြင့်မှ နောင်ခဲ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းအဆင့် တိုးမြှင့်ပေးနိုင်ရန်နှင့် ပတ်သက်၍ ရှင်းလင်းပြီး နောင်ခဲကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းလာမှ ကျောင်းသမိုင်း အကျဉ်းနှင့် ကျောင်းဖွဲ့စည်းပုံတို့ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နောင်ခဲအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အထက်တန်းအဆင့် တိုးမြှင့်ပေးနိုင်ရန်နှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် ပြောကြားပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အင်းသားလေး(တောင်ကြီး)