သီပေါ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ သဘာဝမြေဩဇာကို အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ စွန့်ပစ်လယ်ယာ ပစ္စည်းများ အသုံးပြုပြီး အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်း ကွင်းသရုပ်ပြပွဲ ကို ယမန်နေ့ နံနက် ၉နာရီက သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ တောင်သူ ဦးစိတ္တ၏ အစေ့ထုတ်ပြောင်း စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သီပေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက အီးအမ်ဘိုကာရှီ မြေဆွေး ပြုလုပ်သုံးစွဲရခြင်း အကြောင်းကို ရှင်းလင်းပြောကြားရာတွင် အီးအမ် ဘိုကာရှီ မြေဆွေးပြုလုပ် သုံးစွဲခြင်းအားဖြင့် သီးနှံအထွက် သိသိသာသာ တိုးလာစေရန် စွမ်းဆောင်နိုင်ခြင်း၊ မြေဆီဩဇာတက်စေပြီး အာဟာရနှင့် ရေကိုပိုမိုထိန်းသိမ်း လာနိုင်ခြင်း၊ အနုဇီဝပိုးများ ပွားများလာပြီး မြေတွင်းအဟာရဓာတ်များကို အပင်မှပိုမိုရရှိလာနိုင်ခြင်း၊ မြေအောက်ရေ အပါအဝင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာပြီး လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊ လယ်ယာထွက် စွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ ပြန်လည် အသုံးချနိုင်ခြင်း၊ ဖန်လုံအိမ်အာနိသင် မဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးခြင်း စသည့် အကျိုးကျေးဇူးများကို တောင်သူများရရှိ ခံစားရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အီးအမ်ဘိုကာရှီမြေဆွေးပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ပြုလုပ် ပြသ ခဲ့ကြောင်း သိရသည်။
အဆိုပါ အီးအမ်ဘိုကာရှီ သဘာဝမြေဆွေး ပြုလုပ်နည်း ကွင်းသရုပ်ပြပွဲသို့ ကျောက်မဲခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုး၊ ဝန်ထမ်းများ၊ သီပေါမြို့နယ် ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများ ကြံခင်း၊ ဘော်ကြို၊ ဆားတွင်း လောဝ်ခွန် စသည့် ကျေးရွာများမှ စိုက်ပျိုးရေး တောင်သူ(၃၂)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သီပေါမြို့နယ် အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် အီးအမ်ဘိုကာရှီ မြေဆွေးပုံ/ မြေဆွေးကျင်းများ ပြုလုပ်လိုပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းပြုလုပ်ပြသ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)