မြင်းမူ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာတွင်း လမ်းမကြီးအား ကျေးရွာမှ အလှူရှင်များနှင့် အဝေးရောက် စေတနာရှင် ကျေးရွာသူ/သားများ၏ လှူဒါန်း ငွေများဖြင့် ကျေးရွာတွင်း ကျန်ရှိသော လမ်းမကြီးအရှည်ပေ (၉၀၀) ကျော်အား ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျေးရွာတွင်းရှိ လမ်းအရှည်ပေ (၈၈၀) မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ထောက်ပံ့မှု ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ကျန်ရှိတဲ့ လမ်းအရှည်ပေ (၉၀၀) ကို ဆက်ခင်းရန်အတွက် အလှူရှင်ဇမ္ဗူဒီပါ ကျောင်းတိုက်ဆရာတော်မှ ကွန်ကရစ် လမ်းပေ (၅၀၀) အတွက် မတည်ခဲ့ကြောင်း ဆက်လက်ပြီး အလှူရှင်တွေရှိလာတဲ့အတွက် ကျန်တဲ့လမ်းကိုလဲ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့၊ ပဲခူးမြို့ တို့မှ အလှူရှင်များကလည်း ရွာတွင်းဘုရား၊ ကျောင်းသွားလမ်းများအတွက် လှူဒါန်းကြ ကြောင်း၊ ထို့အပြင် အရှေ့ဘက်ရွာခွဲလမ်းကိုလည်း ကွန်ကရစ်လမ်း ခင်းသွားမည်ဖြစ်ကြောင်း ကျေးရွာတွင်း လမ်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ထံမှသိရှိရသည်။
ယင်းလမ်းခင်းခြင်းဆောင်ရွက်ပြီးစီးပါက ပါတ်ဝန်းကျင်ကျေးရွာများကပါ လမ်းကိုအသုံးပြုလျက်စီးပွားရေး လုပ်ငန်းများ ပိုမိုဆောင်ရွက် ပေးနိုင်မည့်အပြင် ကျန်းမာရေးကိစ္စများအတွက် များစွာ အထောက်အကူ ရနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)