သရက်မြို့၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲ ကျင်းပ

သရက် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့သာသနာ့ဗိမာန်၌ ဩဂုတ်(၁၇) ရက်နေ့၊ နံနက်(၁၀)နာရီက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ်အတွင်း ကျေးရွာ၊ အုပ်စု (၉) အုပ်စုရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးက အမှာစကားပြောကြားရာတွင် တောင်သူလယ်သမားများတို့ အခန်းကဏ္ဍမှာ အရေးပါမှုရှိကြောင်းနှင့် လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေများကို (၂၀၁၂) ခုနှစ် လယ်ယာမြေဉပဒေ၊ နည်းဉပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက (၂၀၁၂) ခုနှစ်၊ လယ်ယာ မြေဥပဒေနှင့်အညီ ညီညွတ်မှုရှိသည့် လယ်ယာ မြေများကိုပုံစံ(၇) ထုတ်ပေးနိုင်ရေးလျာထားဆောင်ရွက်ကာ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များကို စနစ်တကျ ထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာ(၉)အုပ်စုမှ ကွင်းပေါင်း(၅၉)ကွင်း၊ တောင်သူ(၇၀၃)ဦး၊ ဦးပိုင် ပေါင်း(၇၆၂)၊ ဧက (၁၀၁၈ ဒဿမ ၇၇)ဧကအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူ အသီးသီးကပေးအပ်ခဲ့ပြီး တောင်သူများ၏ကိုယ်စား ပြရေကျေးရွာမှ  တောင်သူ ဦးမြဌေးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)