သရက် ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဩဂုတ်(၁၇) ရက်၊ နံနက် (၁၁)နာရီခွဲက ကော်ဖီနှင့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးက အမှာစကားပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး ရာသီဥတုနှင့် ကိုက်ညီစွာ စိုက်ပျိုးနိုင်ရေးအတွက် သင်တန်း ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးလင်းမြတ်မှ စိုက်ပျိုးတောင်သူများအနေဖြင့် ပုံမှန်စိုက်ပျိုး သီးနှံများသာမက ရာသီဥတုနှင့် လိုက်ဖက်သည့် သီးနှံစိုက်ခင်းများ စိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေးက ကော်ဖီနှင့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား ခဲ့သည်။
ယင်းနောက် သင်တန်းနည်းပြဆရာမ ဒေါ်သီတာရွှေက သင်တန်းတွင် ပို့ချမည့် အစီအစဉ်များနှင့် သင်တန်းက မိမိအတွက် အကျိုးရှိမည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသားသူများ အနေဖြင့် အကျိုးရှိမည့်သင်တန်းဖြစ်၍ စိတ်ဝင်တစား သင်ယူမှတ်သားစေလိုကြောင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်း၌ ကော်ဖီသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၃၂)ဦးအား တစ်ရက် သင်ကြား ပို့ချပေးခဲ့ပြီး မှိုမျိုးစုံမွေးမြူထုတ်လုပ်စိုက်ပျိုးနည်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၃၅)ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ (၃)ရက်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)