အထက်မင်းလှ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ခွါနာ၊ လျှာနာ ရောဂါကာကွယ် ဆေးထိုးနှံ ပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၅)နာရီက ရွာတော်ကျေးရွာတွင် တောင်သူများ မွေးမြူထားသည့် နွားများကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နီမာန်ကျဲအိုနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများ မွေးမြူထားသော ကျွဲ၊ နွားများအား ခွါနာ၊ လျှာနာ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး၊ ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ ရာသီအကူးအပြောင်းကာလတွင် တိရိစ္ဆာန်များ၌ ဖြစ်ပါ်တတ်သည့် ကူးစက်ရောဂါအကြောင်းများနှင့် ကျွဲ၊ နွားများတွင် ရောဂါလက္ခဏာများ တွေ့ရှိပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ အသိပေး အကြောင်းကြားရန်တို့ကို အသိပညာပေးပြောကြားခဲ့သည်။
မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားများအား ခွါနာ၊ လျှာနာ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းကျန်ရှိ နေသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ကာကွယ်ဆေးများကွင်းဆင်း ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)