မိုးကုတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း

မိုးကုတ် ၊ ဩဂုတ်    ၁၈

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာကျင်းပပြုလုပ်သွားနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးဇော်၀င်းမှမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရခြင်းမှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်မီ ဖြေရှင်းဆောင်ရွက်သွားရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်သည့် ပါတီများ၏ ကိုယ်စားလှယ်တစ်ဦးစီ၊ မြို့နယ်အတွင်းဩဇာတိက္ကမရှိသူ (၅) ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် မြို့နယ်မဲဆန္ဒရှင်များစာရင်း စိစစ်ရေးကော်မတီ ဖွဲ့စည်းထားရှိမှုအားချပြကာ အဖွဲ့ဝင်များ၏လုပ်ငန်းတာ၀န်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့်နိုင်ငံရေးပါတီများ၏ ဆွေးနွေးတင်ပြချက်များကို ပြန်လည်ဆွေးနွေးညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

  ဖြိုးမမ (မိုးကုတ်)