ရသေ့တောင် စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အသက်(၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေး အုပ်စုတွင်ပါဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ် အသီးသီးတွင် နံနက် ၉နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရ သေးသည့် အသက်(၅၅)နှစ်နှင့်(၆၄)နှစ်ကြား သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများစသည့် ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သတ်မှတ်စုရပ်(၆)နေရာတွင် ထိုးနှံပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထား သည့် စည်းကမ်းချက် များနှင့်အညီတစ်ဦးနှင့်တစ်ဦး(၆)ပေအကွာ နေထိုင်စေခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်း၊ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် တိုင်းခြင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်းခြင်း၊ အချက်အလက်များမှန်ကန်စွာရှိစေရေး စာရင်းရေးသွင်းခြင်း စသည့် လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂၁ ရက်နေ့ထိ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း(၃၆၀၅)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အောင်စံထွန်း (ပြန်/ဆက်)