မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသော အသက် (၁၈)နှစ်နှင့် အထက် ဒေသခံတိုင်းရင်းသားမိဘပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မိုးမိတ်   စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသော အသက် (၁၈)နှစ် အထက်ဒေသခံတိုင်းရင်းသားမိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှစတင်၍ မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

ထိုသို့ထိုးနှံရာ၌ ကျန်းမာရေးဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းဝင်များက ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊  သွေးပေါင်ချိန် တိုင်းခြင်း၊  သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏာတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဦးစွာ ဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

“ အခုထိုးတဲ့ဆေးကတော့ တစ်လုံးလျှင် လူ (၅) ဦး ထိုးနှံပေးရပြီး အသက် ၁၈ နှစ်နှင့် အထက်မှစတင်၍ အကုန်လုံးကို ထိုးနှံပေးသွားမှာဖြစ်ကြောင်းနှင့် ဒေသခံမိဘပြည်သူများ လာရောက်ထိုးနှံနိုင်ရေးကိုလည်း နေ့စဉ်မြို့တွင်းသို့လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိသည်ဟု  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကပြောသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီလ ၂၁ ရက်နေ့မှ စတင်၍ ယနေ့အထိ ထိုးနှံပေးလျက်ရှိကာ  မိုးမိတ်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံ( နှစ်ကြိမ် )ပြီးစီးသူ ဦးရေမှာ (၅၄၈၇) ဦး ရှိပြီး ယခုအကြိမ်တွင် (၃၅၈၃) ထိုးနှံပေးနိုင်ရန်လျာထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှသိရသည်။

မိုးမိတ်သား(ခရိုင်ပြန်/ဆက်)