အုတ်ဖို စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အဝင်ဂိတ်တွင် စျေးသွားစျေးလာ ပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
စစ်ဆေးရာတွင် RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ(၃၀၀)ဦးခန့် စစ်ဆေးပေးလျက်ရှိကြောင်းနှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံမှ သိရသည်။
အလားတူ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မြို့မစျေးနှင့် ယာယီပျံကျစျေးအတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှုရှိစေရန် အသိပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူ