ပန်းတောင်း စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက်ပိုင်းက ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ရေလည်ကျွန်း(ဓမ္မာရုံ)၊ အ.လ.က(ကိုင်းကြီး)၊ အ.လ.က(ကြိုးကြာ)၊ အ.လ.က (တောင်ဘို့ကြီး)၊ ကွင်းလှ(ဖိုးလေးကုန်း၊ ဘုရားကုန်း) တို့တွင် ဆေးထိုးစုရပ် (၅)နေရာခွဲကာ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် တာဝန်ရှိသူများက ပြည်သူများ ကိုဗစ်ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး ပြည်သူများအား တွေ့ဆုံကာ ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရေး အတွက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့်အချိန်တွင် မပျက်မကွက် လာရောက် ထိုးနှံကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး