ကျောက်တံခါးမြို့နယ်အတွင်းရှိ မူလစျေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျောက်တံခါး စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မူလစျေးများ မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ယခုအခါတွင် လျော့နည်း သွားပြီဖြစ်၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပုံမှန်ပြန်လည်ရောက်ရှိစေရေးအတွက် သတ်မှတ် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒိုမြို့များရှိ မူလစျေးများအား နံနက် ၆နာရီမှ နံနက် ၁၀နာရီအထိ မူလစျေးများ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတာဝန်ခံများက အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်မှုကော်မတီများနှင့် တောကျွဲအင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ဖဒိုမြို့များမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့များ ပရဟိလူမှုကူညီရေး အသင်းအဖွဲ့များ စုံညီစွာ တက်ရောက်ကြသည်။

မူလစျေးများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သတ်မှတ်ချိန်အတွင်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စန်းစန်း