ရွှေပြည်သာ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် ယမန်နေ့ ညနေပိုင်းတွင်ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးကိုမိဘပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ မိမိတို့ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့်အချက်များကို ယမန် နေ့ညပိုင်းက အသံချဲ့စက်ဖြင့်လှည့်လည် သတိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါသတိပေးနှိုးဆော်ချက်များတွင်(၁)အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန် (၂)မိမိအိမ်သို့ ပြင်ပမှဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်(၃)အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း (mask)ကို စနစ်တကျ တပ်ဆင်ရန်နှင့် (mask)မတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ရန် (၄) လူစုလူဝေးရှိသောနေရာများကိုရှောင်ကြဉ်ရန် (၅) လက်ကိုမကြာခဏ ဆေးကြောရန် ၊ လက်မဆေးပဲပါးစပ် ၊နှာခေါင်း နှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန် ၊(၆)လေ၀င်လေထွက်ကောင်းသော အခန်းများ၌သာနေထိုင်ရန် (၇)အပြင်မှပြန်လာတိုင်း (mask) များကို စနစ်တကျစွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ကိုယ်လက်သန့်စင်ခြင်း မလုပ်မီ အိမ်သားများနှင့်အနီးကပ်မထိတွေ့ရန် ၊(၈)ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် (၉)ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကိုကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါ၀င်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင်(၂.၆.၂၀၂၁)ရက်နေ့ မှ(၄.၈.၂၀၂၁) ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားသူ အတည်ပြုလူနာပေါင်း(၄၃၃)ဦးနှင့် ရောဂါဖြင့်သေဆုံးသူ (၅၀)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးမှ သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများကိုမြို့နယ်ကိုဗစ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူများ ကျန်းမာရေးအတွက် အသိပေးခြင်း၊ သတိပေးခြင်း၊ ကာကွယ် ဆေးထိုးနှံခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အောက်ဆီဂျင်ဖြန့် ဝေပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)