ပွင့်ဖြူမြို့နယ်၌ အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပွင့်ဖြူ      ဩဂုတ်       ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိက/အလုပ်ရုံ ၊ စက်ရုံများမှ ဝန်ထမ်းများ ၊ အကျဉ်း/အချုပ်သားများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူ များကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ သွေး အတွင်း အောက်ဆီဂျင်ပါဝင်မှုပမဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးကြောင်း သိရကာ ကာကွယ်ဆေးလာရောက်ထိုးနှံသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သက်ကြီးဘိုးဘွားများကို စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သောကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိကအလုပ်ရုံ ၊ စက်ရုံမှ ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးအလုံးရေ ၁၀၅၀ ရရှိထားပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်း ထိုးနှံပေးနေကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား အခက်အခဲမဖြစ်စေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)