သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းရေးအတွက် လက်ကိုင် အသံချဲ့စက်(Hand Speaker)ဖြင့် အရှိန်အဟုန်မြှင့် အသိပညာပေးနှိုးဆော်

 သာယာဝတီ      ဩဂုတ်  ၅

ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှု လျော့နည်းစေပြီး ထိရောက်စွာ ထိန်းချုပ်ကုသနိုင်ရန် အတွက် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကမြို့ပေါ်ရပ်ကွက်များသို့ မိုဘိုင်းလ်ဘက်စ်ဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က လက်ကိုင် အသံချဲ့စက် (Hand Speaker)ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါပြန့်ပွားကူးစက်မှုမရှိစေရန်နှင့် ကာကွယ် ထိန်းချုပ်စေရန်အတွက် အတက်နိုင်ဆုံး မဖြစ်မနေ အိမ်အတွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ဖြစ်ပါကြောင်း မိမိတို့ အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြပါရန် မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပြီး အခြားသူများနှင့် အနည်းဆုံး ၆ပေ အကွာမှ ခပ်ခွာခွာနေပါ။ (Mask) မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းတို့မှ ရှောင်ကြဉ်ကြရန်နှင့် အပြင်က ပြန်လာပြီးတိုင်း လက်ဆေးကြ ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ကြဉ်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက်ရှိအောင်လုပ်ကြရန်၊ အပြင်ထွက်ရာမှ ပြန်လာပြီးတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ရန်၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်  ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကို   အမြန်ဆုံး  ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက အတူလိုက်နာကြပြီး  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေ လိုပါကြောင်း၊   ယခုအခါ   အသက် (၆၅) နှစ်အထက် အဘိုးအဘွားများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (SinoPharm) ထိုးပေးနေပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်/ကျေးရွာများသို့  ကျန်းမာရေးဌာနမှ အဖွဲ့ (၉) ဖွဲ့ ခွဲ၍ သက်ဆိုင်ရာ စုရပ်များ၌  ကာကွယ်ဆေး ထိုးပေးနေသည်ဖြစ်၍ ကျန်ရှိမှု မရှိရလေအောင် သွားရောက်ဆေးထိုးကြပါရန် ယနေ့အထိ သာယာဝတီမြို့နယ်တွင် ဆေးရရှိမှုမှာ (၁၄၄၄)လုံးရှိပြီး ဆေးထိုးပြီးသူ (၁၁၀၆)ဦးသာ ရှိနေ၍ ဆေးလက်ကျန် (၃၃၈)လုံး ကျန်ရှိနေပါသောကြောင့် အဘိုးအဘွားများ ကျန်ရှိမှု မရှိရလေအောင် သွားရောက်ထိုးနှံ ပေးကြပါရန် စသည်များကို လက်ကိုင်အသံချဲ့စက် (Hand Speaker) ဖြင့်  လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရှိရသည်။

ခိုင်ဇေ(သာယာဝတီ)