ပန်းတောင်းမြို့နယ်တွင် ရောဂါပြန့်ပွားမှုမရှိစေရေး အရှိုချင်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ပန်းတောင်း  ဩဂုတ်  ၅

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် ရောဂါပြန့်ပွားမှုမရှိစေရေး အရှိုချင်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ၄ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရှိုချင်းတိုင်းရင်းသားများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့်  ရောဂါကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)